Wednesday, February 1, 2012

(၆၅) နှစ်မြောက် ပြည်ထောင်စုနေ့မှ စစ်မှန်သောဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးသို့ – ၁

သန်းဝင်းလှိုင်
ဇန်န၀ါရီ ၃၁၊ ၂၀၁၂
တိုင်းရင်းသားလူမျိုးစုအားလုံး၏ တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး၊ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးသည် လက်ရှိဖြစ်ပွားနေသော နိုင်ငံရေးပြဿနာများအနက် အဓိကဦးစားပေးဖြေရှင်းရမည့်ကိစ္စများပင်ဖြစ်ပေသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ သူ့ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် ယုံကြည်လေးစားမှုဖြင့် ညှိနှိုင်းဆွေးနွေးကာ တောင်ပေါ်မြေပြန့် မခွဲခြားဘဲ အတူတကွ လွတ်လပ်ရေးအရယူရန် ပင်လုံမြို့ကလေး၌ ၁၉၄၇ ခု ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်သည် ယခု ၂၀၁၂ခု ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် (၆၅) နှစ် တိုင်ခဲ့ပြီဖြစ်သည်။
သို့သော် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံတွင် ယနေ့တိုင် စစ်မှန်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်သောကြောင့် ပြည်တွင်းစစ်မီးသည် နှစ်ပေါင်း ၆၀ကျော်တိုင် တောက်လောင်နေဆဲဖြစ်သည်။
● နောက်ခံသမိုင်း
ဗြိတိသျှ နယ်ချဲ့သမားတို့သည် ၁၈၂၄၊ ၁၈၅၂၊ ၁၈၈၅ ခုနှစ်များတွင် စစ်ပွဲ (၃) ကြိမ်ဆင်နွှဲကာ မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးနောက် ၁၈၈၆ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် ဘုရင်ခံချုပ် လော့ဒ်ဒါဖရင်က `သိမ်းပိုက်ခြင်းပြန်တမ်း´ ထုတ်ပြန်ပြီး မြန်မာနိုင်ငံတနိုင်ငံလုံးကို တရားဝင်ကျွန် ပြုအုပ်စိုး ခဲ့လေသည်။
ဗြိတိသျှနယ်ချဲ့တို့သည် စနစ်တကျ ကြိုတင်စီမံထားခြင်းမရှိဘဲ အထက်မြန်မာနိုင်ငံကို အလောတကြီးသိမ်းပိုက်လိုက်မှု ကြောင့် မြန်မာပြည် တ၀ှမ်းတွင် သူ့ကျွန်မခံလိုသော တိုင်းရင်းသားတို့သည် ရရာလက်နက်စွဲကိုင်တိုက်ခိုက်ခဲ့ရာ ဗြိတိသျှအစိုးရသည် ၁၀ နှစ်ကျော်ကြာ နှိမ်နင်း ခဲ့ရသည်။ ထို့ကြောင့် သီပေါမင်း၏ လွှတ်တော်ဝန်ကြီးများဖြစ်သော ကင်းဝန်မင်းကြီး ဦးကောင်းအပါအ၀င် ၀န်ကြီးအချို့ကို အမှုထမ်းစေပြီး ယာယီအုပ်ချုပ်ခြင်းပြုခဲ့ရသည်။
ထို့နောက် ၁၈၈၉ ခု မတ်လ ၁ ရက်နေ့တွင် စတက်ကျူးဥပဒေပါ စာပိုဒ်များဖြင့် အိန္ဒိယအင်ပါယာ၏ ဇယားဝင် စီရင်စုအဖြစ် အုပ်ချုပ်ခဲ့သည်။ သို့သော် ထိုစတက်ကျူးဥပဒေကို ရှမ်းပြည်တွင် အာဏာမတည်စေရန် ခြွင်းချန်ထားခဲ့သည်။
အိန္ဒိယတွင် ဗြိတိသျှအစိုးရက (Sanad) ခေါ် ခန့်စာများဖြင့် `မဟာရာဂျာ´များကို သစ္စာခံစေပြီး တဆင့်ခံအုပ်ချုပ်စေသည့် နည်းတူ ရှမ်း ပြည်နယ်ရှိ စော်ဘွား၊ မြို့စား၊ ငွေခွန်မှူးတို့ကို ရှေးရိုးအစဉ်အလာအရ အုပ်ချုပ်ခြင်းကို အသိအမှတ်ပြုပြီး ဗြိတိသျှအရေးပိုင်၏ ကွပ် ကဲကြီးကြပ်မှုကို ခံယူစေသည်။
၁၈၉၈ခုနှစ်တွင် မြန်မာနိုင်ငံတရားရေးဆိုင်ရာ ဥပဒေ (Burma Laws Acts) ပြဋ္ဌာန်းပြီး သီပေါမင်းပိုင် မြန်မာပြည်ကို ပြည်မအဖြစ် စိုးမိုးအုပ်ချုပ်တရားစီရင်စေသည်။ ရှမ်း၊ ကချင်၊ ချင်းတို့ ပါဝင်သော တောင်တန်းဒေသသုံးခုတွင် ပြည်မနှင့် သီးခြားခွဲခြမ်းအုပ်ချုပ်သော နယ်မြေဒေ သများ (Frontier Areas) အဖြစ် အုပ်ချုပ်စေသည်။ ယင်းဥပဒေအရ ရှမ်းပြည်နယ်တွင် စော်ဘွား၊ မြို့စား၊ ငွေခွန်မှူး စသော ပဒေသရာဇ် အာဏာပိုင်များနှင့် ချင်းတောင်ဒေသများတွင် တောင်အုပ်၊ တောင်ပိုင် အမည်ခံ ပဒေသရာဇ်အာဏာပိုင်များဖြင့် အုပ်ချုပ်စေသည်။
အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့သိမ်းပိုက်ပြီးနောက် မြန်မာမင်းပိုင်နယ်နှင့် အင်္ဂလိပ် သိမ်းပိုက်ထား သော အောက်မြန်မာပြည်တို့အကြား အငြင်းပွားမှုများ၊ အချင်းဖြစ်ပွားမှုများကို တားဆီးနိုင်ရန်အတွက် ကရင်နီ (ကယားပြည်နယ်) ကို မင်းတုန်းမင်းလက်ထက် ၁၈၇၅ ခု၊ ဇွန်လ ၂၁ ရက်နေ့တွင် အိန္ဒိယဘုရင်ခံချုပ်၏ ကိုယ်စားလှယ် တီဒီဖော့ဆက် (T.D Forsyth) နှင့် ကင်းဝန်မင်းကြီးဦးကောင်းတို့ချုပ်ဆိုသောစာချုပ်အရ မြန်မာဘုရင်သြဇာအာဏာမှကင်းလွတ်သည့် လွတ်လပ်သောဒေသတစ်ခုအဖြစ် မြန်မာ မင်းတို့က အသိအမှတ်ပြုရလေသည်။ ထို့ကြောင့် သီပေါမင်းပါတော်မူသည့်အခါ ကရင်နီ (ကယားပြည်နယ်) သည် သီးခြားလွတ်လပ်သော နယ်တစ်ခုအဖြစ် ကျန်နေခဲ့သည်။ အဆိုပါစာချုပ်ကိုအကြောင်းပြု၍ လွတ်လပ်သောဒေသတစ်ခုဟု အမည်တွင်သော်လည်း လက်တွေ့ အားဖြင့် ဗြိတိသျှလက်အောက်ခံမျှသာဖြစ်ပြီး စော်ဘွားများ၊ ပဒေသရာဇ်အာဏာပိုင်များဖြင့် တဆင့်ခံအုပ်ချုပ်သော နယ်မြေဖြစ်လာလေ သည်။
ယင်းနောက် မြန်မာတို့၏ နိုင်ငံရေးနိုးကြားတောင်းဆိုမှုများကြောင့် ၁၉၂၃ ဇန်န၀ါရီလ ၂ မှ ၁၉၃၇ မတ်လ ၃၁ရက်နေ့အထိ ဒိုင်အာခီခေါ် တွဲဖက်အုပ်ချုပ်ရေးကိုလည်းကောင်း၊ ၁၉၃၇ခု ဧပြီ ၁ မှ ၁၉၄၂ ဒီဇင်ဘာ ၁၀ရက်နေ့အထိ ကိုးဆယ့်တစ်ဌာန အုပ်ချုပ်ရေးကိုလည်းကောင်း ပေးလာခဲ့ရသည်။
သို့သော် ၁၉၃၅ ခုနှစ်တွင် မြန်မာပြည်ကို အိန္ဒိယမှ ခွဲထုတ်ပြီး (The Government of Burma Act) ခေါ် မြန်မာနိုင်ငံအစိုးရဥပဒေအရ သီးခြားအုပ်ချုပ်ခွင့်ပေးလိုက်သော်လည်း တောင်တန်းဒေသများဖြစ်သော ရှမ်းပြည်နယ်များ၊ ရခိုင်တောင်တန်းဒေသများ၊ ချင်းတောင်တန်းများ၊ ကချင်တောင်တန်းများ၊ ဆွန်ပရာတောင်တန်း၊ ဟူးကောင်းတောင်ကြား၊ တြိဂံနယ်မြေနှင့် သံလွင်ဒေသတို့ကို ချန်လှပ်ပြီး ထိုဥပဒေ၏ ဒုတိယဇယားအပိုင်း(၁)နှင့် အပိုင်း(၂) (Schedule II, Part 122) အရ ဘုရင်ခံ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ထားရှိခဲ့သည်။
ယင်းနောက် ဒုတိယကမ္ဘာစစ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာ့လွတ်လပ်ရေးတပ်မတော်နှင့် ဂျပန်တပ်မတော်တို့ ပူးပေါင်း တိုက်ခိုက်မှုကြောင့် နယ်ချဲ့အစိုးရသည် အိန္ဒိယနိုင်ငံ ဆင်းမလားမြို့သို့ ထွက်ပြေးခဲ့ရသည်။ စစ်အပြီး အောက်တိုဘာ ၁၆ ရက်တွင် ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် မြန်မာတို့အခေါ် စက္ကူဖြူစာတမ်းခေါ် (Burma Statement of Policy by H.M.G, 1945) ကို သယ်ဆောင်လျက် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ ယင်းနောက် နောက်တစ်နေ့တွင် မြို့တော်ခန်းမ၌ ကျင်းပသည့် ၄င်းအား ဂုဏ်ပြု သည့်ဧည့်ခံပွဲ၌ “မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုသည် ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ မကြာမီမှာပင် အခြေအနေပေးသည်နှင့် တပြိုင်နက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေးအတွက် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကျင်းပပေးတော့မည်ဖြစ်ကြောင်း” ပြောကြား သွားသည်။
ဒေါ်မန်စမစ်က ဆက်လက်၍ ရွေးကောက်ပွဲကျင်းပရေးမပြုမီအတောအတွင်း ၁၉၃၅ ခု မြန်မာနိုင်ငံအစိုးရအက်ဥပဒေ The Governmentof Burma Act, 1935) ကို ခေတ္တရပ်ဆိုင်းထားပြီး စက္ကူဖြူစာတမ်းအရ ဘုရင်ခံတစ်ဦးတည်း အုပ်ချုပ်သွားသည့်စနစ်ဖြင့် (၃) နှစ် အုပ်ချုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။
စင်စစ် စက္ကူဖြူစီမံကိန်းမှာ အသစ်အဆန်းမဟုတ်ဘဲ မြန်မာနိုင်ငံအတွက် ၉၁ ဌာနအုပ်ချုပ်ရေးအသစ်ကို မွေးပေးခဲ့သော ၁၉၃၅ခု မြန်မာ နိုင်ငံဥပဒေပုဒ်မ ၁၃၉ အရ အုပ်ချုပ်မည့် စီမံကိန်းပင်ဖြစ်သည်။ ပုဒ်မ ၁၃၉ အရ ဘုရင်ခံသည် တိုင်းပြည်၏အချုပ်အခြာအာဏာကိုဆက်လက်ချုပ်ကိုင်ထားပြီး ဗြိတိသျှအစိုးရက တိုက်ရိုက်တာဝန်ခံ၍ အုပ်ချုပ်ရန်ပင်ဖြစ်သည်။
အဆိုပါ စက္ကူဖြူစီမံကိန်းကို အင်္ဂလိပ်အလိုတော်ရိနိုင်ငံရေးသမားကြီးများသာ ထောက်ခံကြသော်လည်း ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်နေသော ဖဆပလအဖွဲ့ချုပ်နှင့် ပြည်သူတရပ်လုံးက ယင်းစီမံကိန်းမှာ ဒိုင်အာခီမတိုင်မီ အုပ်ချုပ်ရေးအဆင့်မျှသာရှိသော ခေတ်နောက်ပြန် ဆွဲသည့် အုပ်ချုပ်ရေးဖြစ်ခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ရေးပေးမည့် အချိန်ကာလအတိအကျမပါခြင်း၊ တောင်တန်းနှင့်မြေပြန့်ကို ခွဲခြားအုပ် ချုပ်ခြင်း၊ လွတ်လပ်ရေးပေးသည့်တိုင် စီးပွားရေးအရ မလွတ်လပ်စေရန် ဖန်တီးထားခြင်း စသည့်အချက်များကြောင့် ဆန္ဒပြကန့်ကွက် ခဲ့ကြသည်။
ထိုအချိန်တွင် ရှမ်းပြည်နယ်လူထုနှင့် စော်ဘွားများကလည်း နိုးကြားတက်ကြွလာပြီး လွတ်လပ်မည့် မြန်မာ့အရေးကို စဉ်းစားလာကြသည်။
သို့ဖြင့် ရှမ်းပြည်နယ်ရှင်များအားလုံးပါဝင်သော အစည်းအဝေးတရပ်ကို ၁၉၄၆ ဇန်န၀ါရီလ ၃၁ရက်နေ့တွင် မိုင်းကိုင်မြို့၌ ကျင်းပပြီး၊ စော်ဘွားများ၊ မြို့စားများ၊ ငွေခွန်မှူးများအားလုံး စ၀်ဖလုံများဟုခေါ်ရေး၊ အင်္ဂလိပ်နယ်ချဲ့ကို မြန်မာများနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ရေးတို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် စ၀်ဖလုံကောင်စီ (Council of Shan State Sophos) ကိုလည်း ဖွဲ့စည်းလိုက်သည်။ ထိုစဉ် အတွင်း ၁၉၄၆ ဇန်န၀ါရီလ ၁၇ မှ ၂၃ ရက်နေ့အထိ ရွှေတိဂုံအလယ်ပစ္စယံ၌ ကျင်းပပြုလုပ်သော ဖဆပလအဖွဲ့ချုပ်၏ ပထမညီလာခံတွင် တိုင်းရင်းသားလူနည်းစုများနှင့် ဗမာအမျိုးသားတို့ ညီညွတ်ရေးအဆိုနှင့် နယ်ခြားဒေသများအား မြန်မာပြည်မနှင့်ပေါင်းစည်းရေးအဆိုကို တင်သွင်းလိုက်ကြသည်။
မိုင်းကိုင်အစည်းအဝေးအပြီး စ၀်ဖလုံများဦးစီး၍ ပထမပင်လုံညီလာခံကို လဲချားနယ် ပင်လုံမြို့ကလေးတွင် ၁၉၄၆ မတ် ၁ မှ ၁၂ရက်နေ့အထိ ကျင်းပခဲ့ကြသည်။ အဆိုပါပင်လုံညီလာခံကို `ရှမ်းပြည်နယ်လက်မှုပြပွဲ´ဟု အမည်တပ်ထားသော်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့်ဖဆပလခေါင်းဆောင်များ၊ ဗမာပြည်မမှ အခြားနိုင်ငံရေးခေါင်းဆောင်များ၊ တောင်တန်းဒေသမှ ကချင်၊ ချင်း၊ ကရင်နီခေါင်းဆောင်များကိုလည်း ဖိတ်ကြားခဲ့သဖြင့် နိုင်ငံရေးအသွင်လက္ခဏာ အပြည့်အ၀ဆောင်သည့် နိုင်ငံရေးညီလာခံပင် ဖြစ်သည်။ ပထမပင်လုံညီလာခံသို့ ဗိုလ်ချုပ် အောင်ဆန်းသည် ရခိုင်ပြည်ဘက်သို့ ခရီးလွန်နေသဖြင့် ဗိုလ်ချုပ်ကိုယ်စား သခင်နု၊ ဦးဘဂျမ်း (ပုဂံ)၊ မန်းဘခိုင်၊ ဦးဘအေး၊ သထုံဦးလှဖေ အပြင် ဂဠုန်ဦးစောတို့လည်း တက်ရောက်ခဲ့ကြသည်။
ညီလာခံတွင် ရှမ်းပြည်မှ ဦးထွန်းမြင့် (လင်းခေး) နှင့် ဦးတင်အေးတို့ ဟောပြောကြသည်။ သခင်နုက ရှမ်း၊ ဗမာချစ်ကြည်ရေး သမိုင်းကို လည်းကောင်း၊ ဂဠုန်ဦးစောက ဒိုမီနီယံအကြောင်းကိုလည်းကောင်း၊ ဟောပြောကြသည်။
သခင်နုက ဗိုလ်ချုပ်အောင်ဆန်းမှာ ကြိုင်တင်စီစဉ်ထားသော အခြားကိစ္စတစ်ခုရှိ၍ သမိုင်းဝင် ဤညီလာခံကို မတက်ရောက်နိုင်ကြောင်း၊ ဤသို့ မတက်ရောက်နိုင်သည့်အတွက် တောင်းပန်ကြောင်း၊ မတက်နိုင်သော်လည်း အောင်မြင်မှုရပါစေဟု ဆန္ဒပြုသည်ကို ဤအစည်း အဝေးသို့ တင်ပြရန် မှာကြားလိုက်ကြောင်း ပြောကြားပြီး ရှမ်းဗမာ ချစ်ကြည်ရေးသမိုင်းကို အဓိကဆွေးနွေးသွားသည်။ ထို့အပြင် ဖဆ ပလအဖွဲ့ချုပ် ပထမအကြိမ်ညီလာခံတွင် ရှမ်းလူငယ် (၁၀) ဦးနှင့်တွေ့ဆုံစဉ်က မပြေမလည်ရှိခဲ့သည်ကို ထပ်မံတွေ့ဆုံဆွေးနွေးကြပြီး အတော်အတန် နားလည်မှုရရှိသွားကြသည်။
ဂဠုန်ဦးစောက တောင်တန်းဒေသများသည် ဗမာပြည်ပနှင့် တပြိုင်တည်း လွတ်လပ်ရေးရယူကြပြီး၊ လွတ်လပ်ရေးရပြီးပါက ခွဲထွက်လိုပါက ခွဲထွက်ခွင့်ရှိစေရမည်ဟု ဆွေးနွေးသည့်အပြင် ဒိုမီနီယံအုပ်ချုပ်ရေးအကြောင်းကိုပါဆွေးနွေးလာသဖြင့် ရှမ်းပြည်ခေါင်းဆောင်များက ဗမာ ပြည်မှာ ရောင်းမစွံတဲ့ဒိုမီနီယံကို ရှမ်းပြည်လာမရောင်းပါနဲ့ဟု ပြောလိုက်ရာ ဦးစော `လုံးဝ´ အရေးနိမ့်သွားသည်။
ရှမ်းနှင့်ကချင်ခေါင်းဆောင်များသည် ဗမာပြည်နှင့် တပြိုင်တည်း လွတ်လပ်ရေးရယူသွားမည့်နည်းလမ်းများကို သီးသန့်တွေ့ဆုံ ဆွေးနွေးကြ သည်။ ကရင်နီပြည်နယ်ကိုယ်စားလှယ်ကမူ မိမိတို့ကရင်နီပြည်မှာ သီးခြားလွတ်လပ်ရေးရရှိပြီးဖြစ်၍ လေ့လာသူအဖြစ်သာ တက်ရောက် ကြောင်း၊ အနာဂတ်ပြည်ထောင်စု ဖွဲ့စည်းပုံအပေါ်မူတည်ပြီး ကရင်နီပြည်သူများ၏ ဆန္ဒသဘောထားရယူသွားမည်ဟု အလွတ်သဘောဖြင့် သာ ဆွေးနွေးသွားသည်။ ပထမပင်လုံညီလာခံသည် ရှမ်း၊ ဗမာ၊ ကချင်၊ ချင်းစသည့် တိုင်းရင်းသားခေါင်းဆောင်များ ချစ်ကြည်ရင်းနှီးမှု၊ အပြည်အလှန်နားလည်မှု ရရှိစေသည်။ ၁၉၄၇ခုနှစ်တွင် ပင်လုံတွင် ထပ်မံ၍ ဒုတိယပင်လုံညီလာခံ ကျင်းပရန်ဆုံးဖြတ်ခဲ့ကြသည်။
ရှမ်းလူထုခေါင်းဆောင်များဖြစ်ကြသော ဦးတင်ဧ၊ ဦးထွန်းမြင့်၊ ဦးစံဖေ၊ ဦးဘရီ၊ ဦးအုန်းဖေ စသူတို့ ရှမ်းပြည်လွတ်လပ်ရေး အဖွဲ့ (ရပလ) ကို ဖွဲ့စည်းကြသည်။ ရှမ်းပြည်ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ရပလ) က ၁၉၄၆ သြဂုတ်လတွင် ပြည်မနှင့်ပေါင်း၍ လွတ်လပ်ရေးအရ ယူပြီးလျှင်-
(၁) ပြည်ထောင်စုမူအရ ပေါင်းမည်။
(၂) အခွင့်အရေးနှင့်အဆင့်အတန်း တန်းတူဖြစ်ရမည်။
(၃) ရှမ်းပြည်အား လုံးဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရမည်။
(၄) ခွဲထွက်လိုက အချိန်မရွေးခွဲထွက်ခွင့်ပေးရမည်ဟု ကြွေးကြော်ဖွဲ့စည်းခဲ့ကြသည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန်ဆွေးနွေးပွဲမသွားမီ ၁၉၄၆ ဒီဇင်ဘာလ ၂၃တွင် လွိုင်ကော်မြို့ ကရင်နှစ်သစ်ကူးပွဲတော်မှအပြန် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့ ၀င်ခဲ့သည်။ ဗိုလ်ချုပ်သည် ညောင်ရွှေဟော်၌ ရှမ်းစော်ဘွားများ၊ ၄င်းတို့၏ ကိုယ်စားလှယ်များနှင့် ဆွေးနွေးသည်။ ဗိုလ်ချုပ်အောင်ဆန်းက မိမိသည် မကြာမီအတွင်း အင်္ဂလန်သို့သွားရောက်ပြီး လွတ်လပ်ရေးအတွက် အရေးဆိုမည်။ ရှမ်းပြည်သည် မြန်မာပြည်နှင့်အတူ လွတ်လပ်လိုပါက လက်မှတ်ရေးထိုးပေးရန် ရှမ်းစော်ဘွားများအား တင်ပြသည်။ စော်ဘွားများက ယခုကိစ္စသည် အလွန်အရေးကြီး၍ အလျင်စလို ဆုံးဖြတ်ရန်မလွယ်ကူကြောင်း ရှမ်းပြည်မြောက်ပိုင်းစော်ဘွားများနှင့် ညှိနှိုင်းပြီး ကြေးနန်း ဖြင့် အကြောင်းကြား မည် ဟူသော ကတိကိုသာ ပေးလိုက်ကြသည်။
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေစော်ဘွားစ၀်ရွှေသိုက်သည် မြောက်ပိုင်းစော်ဘွားများနှင့် ညှိနှိုင်းခဲ့သည်။ အင်္ဂလိပ်တောင်စခန်းဝန် စတီဗင် ဆင် (Henry N.C. Stevenson) ၏ ကြိုတင်သွေးထိုးထားမှုများကြောင့် ဗိုလ်ချုပ်လိုချင်သော အဖြေမရဘဲ ရှမ်းစော်ဘွားများကောင်စီက ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ဗမာပြည်အစိုးရကိုယ်စားလှယ်အဖွဲ့သည် ဗမာပြည်ကိုသာကိုယ်စားပြုပြီး ရှမ်းပြည်နှင့်တောင်တန်းဒေ သများ၏ ကိုယ်စားလှယ်မဟုတ်ကြောင်း ရှမ်းစော်ဘွားများ၏ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို လန်ဒန်သို့ ဖိတ်ကြားပါဟူ၍ ဗြိတိသျှအစိုးရထံသို့ ကြေးနန်းပို့လိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အင်္ဂလန်ပြည် လန်ဒန်မြို့သို့ မရောက်မီကပင် ထိုကြေးနန်းကို အင်္ဂလိပ်အာဏာပိုင်တို့ ရရှိထားပြီးဖြစ်သည်။
ရှမ်းပြည်စော်ဘွားများက ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာပြည်အစိုးရကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်အတွက် ကိုယ်စားမပြု ကြောင်းဟူ၍ ဗြိတိသျှအစိုးရထံသို့ ကြေးနန်းစာပေးပို့ကြောင်း ကြားသိရသည့်အခါ ရပလအဖွဲ့သည် တောင်ကြီးမြို့ဈေးနေ့တွင် ပြည်သူလူ ထု ၂၀၀၀ကို စုစည်း၍ လူထုအစည်းအဝေးတရပ်ကျင်းပပြီး၊ ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်နှင့်တောင်တန်းဒေသ နယ်မြေများအတွက် တပြိုင်တည်းလွတ်လပ်ရေးပေးရန် လန်ဒန်တွင် အရေးဆိုနေကြောင်း၊ ထို့ကြောင့် ဗမာပြည်နှင့်အတူ ရှမ်းပြည်ကိုပါ လွတ်လပ်ရေးတပြိုင်တည်း ချက်ချင်းပေးရန် ဗိုလ်ချုပ်အောင်ဆန်းအားတညီတညွတ်တည်း ထောက်ခံကြောင်း အဆိုတင်သွင်းပြီး ထောက်ခံအတည်ပြုကြသည်။
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဗမာများသည် တောင်တန်းဒေသအတွက်ပြောဆိုခြင်းမှာ ဗမာပြည်နှင့် တန်းတူအဆင့်အတန်း အခွင့်အရေး ရစေလိုသောကြောင့်ဖြစ်ကြောင်း၊ ဗမာလူမျိုးသည် ဗြိတိသျှကျွန်မဖြစ်လိုကြောင်း၊ ထို့နည်းတူစွာ တောင်တန်းလူမျိုးများသည်လည်း ဗြိတိ သျှကျွန်ဖြစ်သည်ကို ဗမာက မကြိုက်ကြောင်းပြောဆိုပြီး စေတနာသန့်သန့်ဖြင့် ဗမာပြည်အပါအ၀င် တောင်တန်းဒေသအတွက် တပြိုင် တည်း လွတ်လပ်ရေးကို တောင်းဆိုခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထိုစဉ်က ဗြိတိသျှနန်းရင်းဝန် အက်တလီနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ မြန်မာ့လွတ်လပ်ရေးအတွက် သဘောတူစာချုပ်ကို ၁၉၄၇ ဇန်န၀ါရီလ ၂၇တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြသော်လည်း တောင်တန်းဒေသများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ် ဖွဲ့ရန်ဖြစ်သည်။
မူအားဖြင့် ဒုတိယပင်လုံညီလာခံမှာ ရှမ်းပြည်နယ်ရှင်များ၏ အစည်းအဝေးမျိုးသာ ဖြစ်ခဲ့သော်လည်း အောင်ဆန်းအက်တလီစာချုပ်ကြောင့် ပုံစံပြောင်းသွားရလေသည်။
၁၉၄၇ ဖေဖော်ဝါရီ ၁တွင် ကချင်ကိုယ်စားလှယ်များ ပင်လုံညီလာခံသို့ တက်ရောက်ရန်လာကြစဉ် ကွတ်ခိုင်နယ် နမ့်ဖတ်ကာရွာတွင် ကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အောက်ပါလိုလားချက်များကို ချမှတ်ခဲ့ကြသည်။
(၁) ကချင်အမျိုးသားများသည် ဗမာအမျိုးသားများနှင့် တပြိုင်တည်း လွတ်လပ်ရေးရရန်၊
(၂) ကချင်အမျိုးသားများ၏ ဆန္ဒနှင့်အညီ ကချင်သီးခြားနိုင်ငံထဲ၌ ဗန်းမော်နှင့် မြစ်ကြီးနားခရိုင်များ၊ ကချင်တောင်တန်း ဒေသများနှင့် က သာမြို့၏မြောက်ဘက် မြေပြန့်ဒေသများ ပါဝင်စေရန်၊
(၃) လွတ်လပ်သည့် ကချင်သီးခြားနိုင်ငံထဲ၌ ဗန်းမော်နှင့်မြစ်ကြီးနားခရိုင်များ၊ ကချင်တောင်တန်းဒေသများနှင့် ကသာမြို့၏ မြောက်ဘက် မြေပြန့်ဒေသများ ပါဝင်စေရန်။
(၄) ဗမာအမျိုးသားများနှင့်ကချင်အမျိုးသားများ နှစ်ဦးနှစ်ဖက်လက်ခံနိုင်သည့် နယ်နိမိတ် ချက်ချင်းသတ်မှတ်သည်။
(၅) နယ်နိမိတ်သတ်မှတ်ပြီးပြီးချင်း မြန်မာပြည်ဘုရင်ခံလက်တွင်ရှိသည့် အခွင့်အာဏာများ၊ ကချင်အမျိုးသားလက်သို့ ပေးအပ်ရန်နှင့် မြန်မာပြည်ကြားဖြတ်အစိုးရအဖွဲ့တွင် ကချင်အမျိုးသား ၀န်ကြီးတစ်ဦး ခန့်အပ်ရန်။
(က) ယင်းကချင်ဝန်ကြီးသည် သီးခြားကချင်ပြည်နယ်တွင် ပြည်ထဲရေးဝန်ကြီးတာဝန်ထမ်းရွက်ရန်။
(ခ) ကချင်ဝန်ကြီးမှာ နိုင်ငံခြားရေးနှင့်ဘဏ္ဍာရေးကိစ္စများ ပါဝင်နိုင်ရန်။
(ဂ) ကာကွယ်ရေးဝန်ကြီးကို အကြံပေးရန်အတွက် ကချင်အမျိုးသားတစ်ဦး ခန့်ထားပေးရန်။
(၆) ကချင်သီးခြားပြည်နယ်သည် ရှမ်းသီးခြားပြည်နယ်နှင့်အတူ မြန်မာနိုင်ငံလုံး စောလျင်စွာ လွတ်လပ်ရေးရရှိရန်အတွက် တိုင်းပြုပြည်ပြု လွှတ်တော်၌ ချက်ချင်းပါဝင်ကြရန်။
(ရ) အထက်၌ ဖော်ပြသည့်အတိုင်း မြန်မာအမျိုးသားအားလုံး လွတ်လပ်ရေးရသည့်အခါ သီးခြားလွတ်လပ်သည့် ကချင်ပြည်နယ်အပါအ၀င် လွတ်လပ်သည့် မြန်မာပြည်ထောင်စု အစိုးရ ဖွဲ့စည်းရန်။
(၈) အထက်ပါ တညီတညွတ်တည်း ဆုံးဖြတ်ချက်များကို နယ်ခြားဒေသလူမျိုးများအားလုံး၏ သဘောတူညီမှုကို ရယူရန်၊ စသည် တို့ဖြစ်သည်။
ယင်းနောက် ၁၉၄၇ ဖေဖော်ဝါရီလ ၇ရက်တွင် ကချင်နှင့်ချင်း ကိုယ်စားလှယ်များ ပင်လုံမြို့သို့ ရောက်ရှိလာပြီး ဆွေးနွေးပွဲကို စတင်ခဲ့ကြ သည်။ ဖေဖော်ဝါရီလ ၉ ရက်တွင် တောင်တန်းဒေသများ ညီညွတ်ရေးအဖွဲ့ (Supreme Council of United People [SOCUNP]) ကို ဖွဲ့စည်းခဲ့ကြသည်။
ပင်လုံညီလာခံသို့ ကရင်နီပြည်နယ်မှ ဦးစောသိန်း (စ၀်သိန်း) နှင့် ဦးစောဝဏ္ဏ (စ၀်ဝဏ္ဏ) တို့သည် လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။
ကရင်အမျိုးသားအဖွဲ့ချုပ် (Karean National Union [KNU]) မှ ဦးလှဖေ (ပအို့ဝ်)၊ စောစံအေး၊ စောဝရီသော်နှင့် စောချစ်တီးတို့ လေ့လာ သူအဖြစ် နောက်ကျမှ ရောက်လာသည်။
၁၉၄၇ ဖေဖော်ဝါရီ ၁၁ နှင့် ၁၂ နေ့များတွင် အပြီးသတ် ဆွေးနွေးပွဲကို မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ ၀န်ကြီးအချို့၊ စော်ဘွားအားလုံးအပြင် ရှမ်းပြည်နယ်လူထုကိုယ်စားလှယ်များ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသမှ ကိုယ်စားလှယ် များက ပင်လုံညီလာခံအပြီးသတ် အစည်းအဝေး၌-
“ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းလိုက်ခြင်းဖြင့် ရှမ်း၊ ကချင်၊ ချင်း တို့ အားလုံး လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးသို့ တက်ရောက်လာသူ အဖွဲ့တို့က ယုံကြည်ကြသည့်အတိုင်း တညီတညွတ်တည်း သဘောတူကြသည်” ဟူ၍ ဖော်ပြပြီး လွတ်လပ်ရေးအတွက် သမိုင်းဝင်ပင်လုံစာချုပ်ကြီးကို ပင်လုံမြို့၌ ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ချုပ်ဆိုလိုက်ကြသည်။
ဤသို့ဖြင့် ၁၉၄၈ ဇန်န၀ါရီလ ၄ ရက် နံနက် ၄း၂၀ နာရီတွင် မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ပေါ် ထွန်းလာခဲ့ရာ၊ နှစ်စဉ် ပင်လုံစာချုပ်ချုပ်ဆိုခဲ့သော ဖေဖော်ဝါရီလ ၁၂ရက်နေ့ကိုလည်း `ပြည်ထောင်စုနေ့´အဖြစ်သတ်မှတ်ပြီး ကျင်းပ လာခဲ့သည်မှာ ယခုအခါ ၆၅ နှစ် တိုင်ခဲ့ပြီဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။

Friday, April 29, 2011

သမိုင်းခြေရာရှင်လေးတွေ လျောက်တဲ့လမ်း

“နိုင်ငံရေး” လို့ ပြောလိုက်တာနဲ့ လူတွေက တောခိုနေတဲ့ သူပုန်တွေကို ပြေးမြင်လိုက်ကြတယ်။ ဒီအခြေအနေဟာ ကရင်နီပြည်မှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အခြေအနေပါလို့ ပြောလိုက်ရင် မှားမယ်လို့တော့ မထင်ပါ။ အဲဒီစကားလုံးတွေ သုံးမိရင် သူပုန်နဲ့ ပတ်သက်တယ် ဆိုပြီး ညှင်းဆဲသတ်ဖြတ်ခံရတတ်ပါတယ်။ စစ်အစိုးရဟာ အဲဒီစကားလုံး တစ်လုံးနဲ့ ပြည်သူလူထုတို့ကို ထိန်းချုပ်နေတာ နှစ်ပေါင်း မနည်းတော့ပါဘူး။
အထူးသဖြင့် တစ်ခေတ်ပြီးတစ်ခေတ် တက်လာကြတဲ့ လူငယ်လေးတွေဟာ မိမိကိုယ်ကို အလှအပတွေ တစ်မျိုးပြီးတစ်မျိုး ဆင်ယင်ကြသလို မိမိနိုင်ငံ၊ မိမိရပ်ရွာနဲ့ လူနေမှု အဆင့်အတန်းတို့ကိုလည်း တစ်ခေတ်ပြီးတစ်ခေတ် ပြုပြင်ပြောင်းလဲလိုကြတယ်။
မိမိတိုင်းပြည်ဟာ တခြားသော ဒီမိုကရေစီ လူ့ဘောင်သစ် အသိုင်းအဝိုင်းထဲသို့ ရောက်လာရလေအောင် လူငယ်တွေ အနေနဲ့ တဖက်တလမ်းကနေပြီး ကြိုးပန်းအားထုတ်မှုတွေနဲ့ အားတက်မာန်တက် ဖန်တီးလုပ်ဆောင်တတ်ကြပါတယ်။ သူတို့ရဲ့ ရှေ့မှာ တားဆီးခြိမ်းခြောက်မှုတွေက တပုံတပင်ကြီးပါဘဲ။ ဒါပေမဲ့ ခြိမ်းခြောက်မှုတွေကြောင့် လူငယ်တွေဟာ နောက်မဆုတ်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ လျှောက်နေတဲ့ လမ်းဟာ လမ်းမှား မဟုတ်လို့ပါဘဲ။
ဆွဲစေ့ခံရခြင်း
ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ် လူထုဆန္ဒခံယူပွဲဟာ စစ်တပ်ကနေ တဖက်သတ် ရေးဆွဲခဲ့ပြီး တရားမျှတမှု မရှိတဲ့အတွက် ကရင်နီလူငယ်များကို ဦးဆောင်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ လူငယ်ခေါင်းဆောင်တွေကို စစ်တပ်မှ ဖမ်းဆီးချုပ်နှောင်ပြီး နှစ်ရှည် ထောင်ဒါဏ်တွေ ချမှတ်ခဲ့ကြပါတယ်။ စစ်တပ်က နိုင်ငံရေး လှုပ်ရှားမှုတို့မှာ ပါဝင်တဲ့ လူငယ်များကို ဖမ်းဆီးချုပ်နှောင်တဲ့အပြင် လူမှုကယ်ဆယ်ရေး လုပ်ငန်း၊ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ပညာပေး အစီအစဉ်တို့မှာ တက်တက်ကြွကြွ ပါဝင်အလုပ်ကျွေးပြုနေကြတဲ့ လူငယ်တို့ကိုလည်း ဖမ်းဆီးချုပ်နှောင်ပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်မှ ၁၅ ရက်အတွင်း ကရင်နီ လူမှုကယ်ဆယ်ရေး လုပ်ငန်းမှာ အလုပ်ကျွေးပြုခဲ့ဖူးသူ အသက် ၂၅ နှစ်အရွယ် ကရင်နီလူငယ် နှစ်ဦးကို လွိုင်ကော် အခြေစိုက် ဒေသကွပ်ကဲရေး စစ်ဌာနချုပ်မှ ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
“သူတို့ကို ပုဒ်မှ ၁၇/၁ နဲ့ စွပ်စွဲပြီး ဖမ်းထားတာ ဖြစ်နိုင်တယ်။ ဘယ်အချိန် လွတ်မလဲ၊ ဘယ်အချိန်ထိ ထောင်ဒါဏ်ချမှတ်မလဲဆိုတာ မသိရသေးပါဘူး” လို့ ကရင်နီပြည်ထဲရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗားမားနိုင်က ပြောပါတယ်။ အဲဒီလူငယ် နှစ်ဦးကို ဖမ်းဆီးချုပ်နှောင်နိုင်ဖို့ ကရင်နီအပစ်ရပ်အဖွဲ့ရဲ့ ကူညီမှုဖြင့် ဖမ်းဆီးချုပ်နှောင်ခဲ့တာပါ။
“ဒီဘက် (နယ်စပ်ရှိ ကရင်နီလူမှု အသိုင်းအဝိုင်း)က လူတွေနဲ့ တွဲပြီး အလုပ်အကျွေး ပြုတဲ့ သူတွေ၊ ဒါမှမဟုတ် အလုပ်အကျွေးပြုခဲ့ဖူးတဲ့ သူတွေ မှန်သမျှ သူတို့ (အပစ်ရပ်အဖွဲ့)က ချွန်ပေးရတယ်။ ဒကစတို့ ထောက်လှန်းရေးတို့ကို သတင်းပေးရတယ်။ ဒါမှ သူတို့ ရိက္ခာတွေ၊ ငွေတွေ၊ သူမျက်နှာ ရတာပေါ့။ တကယ်လို့ သူက အဲလိုမလုပ်နိုင်ရင် စစ်တပ်ကလည်း သူတို့ကို ဂရုမစိုက်တော့ဘူး။ သူတို့ အလုပ်မလုပ်ဘူး ဆိုတဲ့ သတ်မှတ်မှုမျိုးကို ခံရတာပေါ့” လို့ ဗားမားနိုင်က ပြောပါတယ်။
နှစ်ရှည်ထောင်ဒါဏ် ချမှတ်ခံရခြင်း
ပြီးခဲ့တဲ့၂ဝဝ၈ မေလမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း အတည်ပြုရေး လူထုဆန္ဒခံယူပွဲကို ဆန့်ကျင်ဖို့ လူငယ်များက ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြတဲ့ ကရင်နီ လူငယ်ခေါင်းဆောင် ခွန်းဘီးဒူ (ခေါ်) လွီးဇီငြိမ်၊ ကေကောရီယိုနဲ့ ဒီးဒီတို့ကို စွဲချက်တင်ပြီး ထောင်ဒဏ် ၃၇ နှစ် ချမှတ်လိုက်ပါတယ်။
အသက် ၂၈ နှစ်အရွယ် ကေကောရီယိုဟာ လူ့အခွင့်အရေးနဲ့ တရားဥပဒေဆိုင်ရာ ပညာရပ်များကို ထိုင်း-မြန်မာနယ်စပ် တစ်နေရာမှာ ဖွင့်လှစ်ထားတဲ့ ကရင်နီလူမှုဖွံ့ဖြိုးရေးကျောင်း SDC မှာ သင်ယူခဲ့ပါတယ်။ ကရင်နီပြည်တွင်းမှာ အဲဒီလိုဘာသာရပ်တွေကို လွတ်လွတ်လပ်လပ် လေ့လာခွင့် မရှိတဲ့အတွက် နယ်စပ်မှာ ဖွင့်လှစ်ထားတဲ့ SDC ကျောင်းကဲ့သို့ ဆယ်တန်းလွန်ကျောင်းတို့မှာ လူငယ်တွေ ထိုးဖောက်ပြီး လေ့လာကြရပါတယ်။
အခု ၂ဝ၁၁ ခုနှစ် မတ်လအတွင်းမှာ ၈ ကြိမ်မြောက် SDC ကျောင်းဆင်းပွဲ အခန်းအနားတစ်ရပ် ကျင်းပပါတယ်။ ကျောင်းပြီးသွားတဲ့ ကျောင်းသားကျောင်းသူတို့အတွက် ဒု-ကျောင်းအုပ်တစ်ဦး ဖြစ်တဲ့ ဆရာ ရီရယ်ဝင်းက မိန့်ခွန်းအမှာစကား ပြောကြားရာမှာ လူ့အခွင့်အရေး ဘာသာရပ်တွေနဲ့ မိမိလူမှုအသိုင်းအဝိုင်းထဲ ပြန်လည်အလုပ်ကျွေးပြုရာမှာ ကေကောရီယိုတို့လို ကျောင်းသားဟောင်းတွေရဲ့ ရင်ဆိုင်ကြုံတွ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အခုလို ရှင်းပြသွားပါတယ်။
ယခု ၂၀၁၁ ခုနှစ် မတ်လတွင် ကျင်းပခဲ့သော ၈ ကြိမ်မြောက် ကရင်နီလူမှုဖွံ့ဖြိုးရေးကျောင်း (ဓါတ်ပုံ-ကေတီ)
ယခု ၂၀၁၁ ခုနှစ် မတ်လတွင် ကျင်းပခဲ့သော ၈ ကြိမ်မြောက် ကရင်နီလူမှုဖွံ့ဖြိုးရေးကျောင်း (ဓါတ်ပုံ-ကေတီ)
“ဒီကနေ့  အပါအဝင်ဆိုလို့ ရှိရင် (၁၄၉) ယောက် ရှိသွားပြီပေါ့နော်။ ဆိုတော့ ဒီလူဦးရေကို ကျနော့် ကြည့်တဲ့ အချိန်မှာ မနေ့က ကျောင်းသူကျောင်းသားဟောင်းတွေအထိ ဆိုလို့ရှိရင် ကျနော်တို့ အသိုင်းအဝိုင်းမှာ ပြန်ပြီး အလုပ်အကျွေး ပြုနိုင်တာက (၇၅) ယောက်ကို ကျနော်တို့ တွေ့ရတယ်။ ဒီပြည်တွင်းကို လှုပ်ရှားနေတဲ့ ကျောင်းသူကျောင်းသားဟောင်းတွေက ၁၃ ယောက်၊ ၁၅ ယောက်ပေါ့ဗျာ။ တစ်ယောက် (xxxx) ကတော့ ကံမကောင်းစွာနဲ့ အဲမှာ အသက်ပေးခဲ့ရတာပေါ့နော်။ တယောက် (ကေကောရီယို) ကတော့ ထောင်တွင်း ၃၇ နစ် ကျကျန်ခဲ့ရတာပေါ့နော်။ အဲမှာ လူ့အခွင့်အရေး လှုပ်ရှားမှုနဲ့ သဘာဝပတ်ဝန်းကျင်အရေး နောက်ပြီးမှ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ဆိုတဲ့ အနေနဲ့ သူက campaign (စည်းရုံးလှုံ့ဆော်ရေး) သွားလုပ်တယ်နော်။ campaign ဟို lobby သွားလုပ်ရင်းနဲ့ အဲမှာ ထောင်ကျခံရတာ ရှိပါတယ်။”
ကေကောရီယိုဟာ ၂ဝဝ၅-၂ဝဝ၆ ပညာသင်နှစ်မှာ SDC ကနေ ဘွဲ့လက်မှတ် ရရှိခဲ့ပြီးတဲ့နောက် ၂ဝဝ၈ ဧပြီလ ၂၇ ရက်ကနေ စပြီး လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲနဲ့  ဖယ်ခုံမှာ ရှိတဲ့ မြိုရွာပေါင်း ၁၇ ခုကို သွားပြီး လူထုစည်းရုံးရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။
“သူဆွဲစိခံရတာက မေလ ၁ဝ ရက် ဆန္ဒမဲခံယူပွဲ ပြီးတဲ့နောက် ညနေ ၇ နာရီလောက်မှာပဲ နအဖတွေ သူတို့ အိမ်ကို ဝင်ပြီး လာစစ်တယ်လေ၊ အဲခါကျတော့ သူတို့ရဲ့ လုပ်ရှားမှု ဓါတ်ပုံတွေ၊ ဘာညာတွေပေါ့ဗျာ တွေ့သွားပြီး သူ့အဖွဲ့ ခွန်းဘီးဒူ၊ ခွန်းဒီးဒီနဲ့ မူ(xxx)တို့လည်း ပါသွားတယ်” လို့ ကေကောရီယိုနဲ့ ကျောင်းအတူ တက်ခဲ့ဖူးသူလည်းဖြစ်၊ လုပ်ဖေါ်ကိုင်ဖက်တစ်ဦးလည်း ဖြစ်တဲ့ ခွန်းအင်ဒြူးခင်းက ပြောပါတယ်။
ကေကောရီယိုရဲ့ အမှုကို ထောင်အတွင်းမှာပင် အထူးစစ်ခုံရုံးအဖြစ် ကြားနာပြီးနောက် တရားသူကြီးက သူ့အား
= The electronic Transactions ဥပဒေအရ ထောင်ဒဏ် ၁၅ နှစ်၊
= ပြစ်မူဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၅(ခ) အရ ထောင်ဒဏ် ၂ နှစ်၊
= တရားမဝင်အသင်း ပုဒ်မ ၁၇/၁ အရ ထောင်ဒဏ် ၃ နှစ်၊
= တရားမဝင်အသင်း ပုဒ်မ ၁၇/၂ အရ ထောင်ဒဏ် ၅ နှစ်၊
= The Myanmar immigration အက်ဥပဒေ ၁၉၄၇ ပုဒ်မ ၁၃ (၁) အရ ထောင်ဒဏ် ၅နှစ်၊
= အခွန်ဥပဒေ ပုဒ်မ ၅၃ အရ ထောင်ဒဏ် ၇ နှစ်၊
စုစုပေါင်း ထောင်ဒဏ် ၃၇ နှစ်အား သီးခြားစီ ကျခံဖို့ အမိန့်ချလိုက်ပါတယ်။
လူထုအုံကြွမှု ဖြစ်မှာကို စိုးရိမ်ရတယ်လို့ ဆိုပြီး ကေကောရီယိုအား မိတ္ထီလာထောင်၊ ခွန်းဘီးဒူ (ခေါ်) လွီးဇီငြိမ်းကို တောင်ငူထောင်နဲ့ ဒီးဒီအား မန္တလေးထောင်သို့ ပြီးခဲ့တဲ့ ၂ဝဝ၉ ခုနှစ်က ပို့ဆောင်ခဲ့ကြပါတယ်။
ပစ်သတ်ခံရခြင်း
ကေကောရီယိုရဲ့ အဖြစ်အပျက်ပြီး သိပ်မကြာခင်မှာပဲ အသက် ၂၃နှစ် အရွယ် SDC ကျောင်းသား ခူးတူရယ် ဆိုသူဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးရေး အစီအစဉ်ကို ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ် အောက်တိုဘာလအတွင်း ကရင်နီပြည် ဖရူဆိုမြို့နယ် ကဒါးလားကျေးရွာမှာ ပြုလုပ်နေစဉ် စစ်တပ်တို့ရဲ့ ပစ်ခတ်မှုတို့ကြောင့် အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။
လွိုင်ကော်မြို့နယ်၊ ထျေးငါးလျား စံပြရွာမှ မွေးဖွားခဲ့တဲ့ ခူးတူရယ်ဟာ SDC ကျောင်းပြီးနောက် ပြည်တွင်း၌ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်နေတဲ့ ကရင်နီ အမြဲစိမ်းလန်းစိုပြေရေးအဖွဲ့ KnEG မှာ အလုပ်ကျွေးပြုပါတယ်။
“ကျမတို့ရဲ့ ၂ဝ၁ဝ စီမံကိန်း နေရာဒေသ ဖြစ်တဲ့ ကေးလျားမှာ သူဒီဖက်ပေါ့နော် ပြန်ထွက်သွားတဲ့အခါမှာ ဒီတချို့သော KNPP လုံခြုံရေး အဖွဲ့နဲ့သူ သွားတဲ့ အခါမှာ ဒီလမ်းမှာပေါ့နော် နအဖတပ်တွေနဲ့ တွေ့ပြီးမှ တစ်ဖက်နဲ့တစ်ဖက် ပစ်ခတ်ကြရင်းနဲ့ပဲ ဒီတူရယ်ကို ကျည်ဆံ ထိမှန်ပြီးမှပဲ သေဆုံးသွားတယ်ပေါ့” လို့ KnEG မှ တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။
ပြည်တွင်းမှာ လူ့အခွင့်အရေး လေ့လာခွင့် မရှိ
SDC ကို ၂ဝဝ၃ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ်ထိဆိုရင် ကျောင်းပြီးသွားတဲ့ အသုတ်ပေါင်း ၈ သုတ် ရှိသွားပါပြီ။ ကျောင်းသားကျောင်းသူဟောင်း အပါအဝင် ဒီတစ်နှစ်ကျောင်းပြီးသွားတဲ့ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၄၉ ဦး ရှိပါတယ်။
“ကျနော်တို့ သင်ကြားပေးတဲ့ ဘာသာရပ်တွေက အများကြီး ရှိတယ်။ အဓိက ကတော့ Human Right, Environment နဲ့ Rule of Law ကို ကျနော်တို့ focus ပြီးသင်ပေးတာပေါ့နော” လို့ SDC မှ ဒု-ကျောင်းအုပ်ဖြစ်သူ ဆရာ ရီရယ်ဝင်းက ပြောပါတယ်။
ကျောင်းရဲ့ ပညာသင်နှစ်က တစ်နှစ်ပါ။ တနှစ်ပြီးလို့ ဘွဲ့လက်မှတ်ရပြီဆိုရင် ကျောင်းသားလူငယ်တွေဟာ လူမှုအသိုင်းအ၀ိုင်းကို အလုပ်အကျွေးပြုဖို့ ခြေလှမ်းတွေ ပြင်ရပါတယ်။ ဒီကျောင်းကို ပြည်တွင်းကရော နယ်စပ်ဒေသခံတွေကပါ လာရောက်ပညာဆည်းပူးနေကြတာကို တွေ့ရပါတယ်။ အထူးသဖြင့် ပြည်တွင်းမှာ လူ့အခွင့်အရေး ပညာရပ်ကို လွတ်လပ်စွာ လေ့လာသင်ယူခွင့် မရှိလို့ အခုလို နယ်စပ်ဒေသမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းမှာ လာရောက်သင်ယူကြရတာပါ။
SDC ကျောင်းမှ အခု ၂ဝ၁၁ ပညာသင်နှစ်ပြီးသွားပြီ ဖြစ်တဲ့ ကျောင်းသားတစ်ဦး ဖြစ်တဲ့ ခူးတော်နီ (နာမည်အရင်းမဟုတ်)က “ကျနော်၂ဝ၁ဝ နှစ်လပိုင်းတုန်းကပဲ ဒီမှာ ရောက်တယ်။ ကျနော်ပညာ ပြည်ပမှာ လေ့လာပြီးမှ ကျနော် ပြည်တွင်း ပြန်ဝင်မယ်။ ပြီးတော့ ကျနော့်တို့ လူတွေကို ကျနော် ပြန်လည်ဦးဆောင်ဖို့ ရည်ရွယ်ချက်လည်း ပါတယ်” လို့ ပြောပါတယ်။
ကေကောရီယိုနဲ့ ခူးတူရယ်တို့ လျှောက်နေတဲ့ လမ်းဟာ အန္တရာယ်များနေမှန်း ခူးတော်နီ သိပါတယ်။ ဒါပေမဲ့ ကိုယ့်လူမျိုး၊ ကိုယ့်အမျိုးသားရေးအတွက် အလုပ်ကျွေးပြုဖို့ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် ဆိုသလို ခူးတော်နီလို လူငယ်တွေ ဒီကရင်နီ လမှုအသိုင်းအ၀ိုင်းမှာ ရှိနေဆဲပါဘဲ။
အမှန်တော့ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည်မှာ မကောင်းမှု လုပ်ရပ်တွေကို ဖေါ်ထုတ်ဖို့ ကြိုးစားပမ်းစား အလုပ်ကျွေးပြုနေကြတဲ့ လူငယ်မှန်သမျှကို ဇီဝိန်ချွေလိုက်၊ သံတိုင်တွေကြားမှာ သော့တွေ အလီလီ ခတ်ထားလိုက်နဲ့ လူငယ်တွေရဲ့ သံမဏိ စိတ်ဓါတ်တွေကို အရည်ပျော်အောင် တမင်လုပ်ဆောင်နေတာ တစ်ကမ္ဘာလုံးကလည်း သိနေပါတယ်။  
လူငယ်ဆိုတာ လှနေတုန်း ပွင့်နေတုန်းမှာ လောကကြီးကို တန်ဖိုးနဲ့ အလှဆင်နေကြတာပါ။ သို့မှသာ သမိုင်းဝင်မယ့် သမိုင်းခြေရာရှင်တွေ ဖြစ်ကြမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အသက်ခန္ဓာကို ပဓါန မထားပဲ လူမှုအသိုင်းအ၀ိုင်းအတွက် အနစ်နာခံနေကြတဲ့ သမိုင်းခြေရာရှင်လေးတွေ လျှောက်နေတဲ့လမ်းဟာ လမ်းမှားလို့ ဘယ်သူမှ သတ်မှတ်လို့ မရပါဘူး။

Friday, April 8, 2011

ကရင်နီ မျိုးနွယ်စုများ၏ နှစ်သစ်ကူးနေ့ကို ပြည်တွင်း ကရင်နီ အများစု မသိကြ

ရေးသားသူ - ကန္တာရ၀တီတိုင်း(မ်) တနင်္လာနေ့, 04 ဧပြီလ 2011 17:23

ကရင်နီမျိုးနွယ်စုများ
ယနေ့ ကျရောက်သည့် ကရင်နီ မျိုးနွယ်စုဝင်များ အားလုံးနှင့် သက်ဆိုင်သော ကရင်နီနှစ်သစ်ကူးနေ့ကို ကရင်နီပြည်နယ်တွင်းရှိ ပြည်သူများ အများစုက မသိဘဲ ဖြစ်နေကြသည်။
“ကျနော်တို့ လူမျိုးတွေမှာ နှစ်သစ်ကူးနေ့ ရှိမှန်း မသိဘူး။ ပြောဆိုသံ တွေလည်း မကြားဖူးဘူး” ဟု ကရင်နီပြည်နယ် လွိုင်ကော်မြို့မှ အသက် သုံးဆယ် အရွယ် အမျိုးသား ဖြစ်သည့် ဘော်ရယ်က ပြောသည်။ 
ကရင်နီ ပြက္ခဒိန် အားဖြင့် တန်ခူးလဆန်း တစ်ရက်နေ့သည် ကရင်နီ မျိုးနွယ်စုများ၏ နှစ်သစ်ကူး အချိန်အခါ ဖြစ်ပြီး ယခုအခါ ကရင်နီ နှစ်ဖြင့်ဆိုလျှင် ၂၇၅၀ ခုနှစ် ရှိပြီဟု ထိုင်း-မြန်မာနယ်စပ် အခြေစိုက် Karenni Religion Culture and Development Committee (KRCDC) မှ ဒါရိုက်တာ ဦးတော်ရယ်က ပြောသည်။
ကရင်နီမျိုးနွယ်စုများ
“ပြည်တွင်းမှာက  နအဖ ခေတ်က သတ်မှတ်ထားတဲ့ နေ့ထူးနေ့မြတ်တွေကိုပဲ ပွဲလမ်းသဘင်တွေ ကျင်းပလေ့ရှိတယ်။ ဒီဘက်က ကရင်နီ လူမှုအဖွဲ့အစည်းတွေ သတ်မှတ်ထားတဲ့ ရက်တွေက နအဖအစိုးရနဲ့ မတူဘူး။ နအဖ ခွင့်ပြုတာ မပြုတာတော့ မသိဘူး။ ပြည်တွင်းဘက်က လူတွေက မကျင်းပရဲကြဘူး။ ပြည်တွင်းမှာက ပွဲတွေ လုပ်တဲ့  အစဉ်အလာ မရှိတော့ မလုပ်ဘူးပေါ့။ စာပေယဉ်ကျေးမှုတွေထဲမှာလည်း ရေးထားတာ မရှိဘူး။ သင်ကြားထားတာတွေလည်း မရှိပါဘူး” ဟု ဦးတော်ရယ်က ဆိုသည်။
နှစ်သစ်ကူးနေ့သည် ဘိုးဘွားအစဉ်လာအရ သတ်မှတ်ခဲ့သော နေ့တစ်နေ့ ဖြစ်သောကြောင့် ကရင်နီ တော်လှန်ရေး အဖွဲ့အစည်း ခေါင်းဆောင်များက ဦးဆောင်ပြီး အစဉ်အလာမပျက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင် တဖက်ခြမ်းရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) တွင် ကရင်နီ မျိုးနွယ်စု အားလုံးက ကရင်နီ အမျိုးသားတစ်ရပ်လုံး နှစ်သစ်ကူး အထိမ်းအမှတ်ကို ကြိုဆိုသော အနေဖြင့် ဧပြီလ ၃ ရက်နေ့ ညအချိန်၌ ၀တ်ပြုဆုတောင်းပွဲကို ကျင်းပခဲ့ကြသည်။
ဝတ်ပြုဆုတောင်းပွဲကို သွားရောက်ခဲ့သော ဆရာကြီး ခူးဦးရယ်က “နှစ်သစ်ကူးတော့မယ် ဆိုပြီးတော့ လာမည့် နှစ်မှာ တိုင်းသူပြည်သားအားလုံး ငြိမ်းချမ်းဖို့ ဆုတောင်းပေးတာပေါ့။ ဘာသာပေါင်းစုံ ဆုတောင်းကြပါတယ်” ဟု ပြောသည်။
နှစ်သစ်ကူး ဆုတောင်းဝတ်ပြုသည့် ပွဲတော်သို့ ရိုးရာယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ လူမှုအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ နှစ်ခြင်း အသင်းတော်မှ ဘာဘာရေးခေါင်းဆောင်များ၊ ကက်သလစ်ဘာသာမှ ဘာသာရေးခေါင်းဆောင်များ၊ ဒုက္ခသည်စခန်းအတွင်းမှ ကရင်နီ မျိုးနွယ်စုများ အားလုံး လာရောက်ဆုတောင်းခဲ့ကြပါသည်။

ကရင်နီ တစ်မျိုးသားလုံးရဲ့ ကေ့ထျိုးဘိုးပွဲ (သို့) တံခွန်တိုင်

ရေးသားသူ - ဟိန်းသူ သောကြာနေ့, 08 ဧပြီလ 2011 16:34
                                                     

ကရင်နီ

မျိုးနွယ်စုတွေ
“တက်တက်၊ ကားပေါ်တက်ကြ။ ကပွဲအတွက် အ၀တ်အစားတွေနဲ့ ဗုံတွေ၊ မောင်းတွေ အစုံပါတယ်နော်” လို့ စကားသံဝဲ၀ဲနဲ့  ခေါင်းဆောင်လို့ ယူဆရတဲ့ လူကြီးတစ်ယောက်က လူငယ်တွေကို အော်ပြောနေတယ်။ အင်္ဂလိပ် လက်ကျန်ခေတ် ခေါင်မိုးဖွင့် ကုန်ကားကြီး တစ်စီးထဲကို ကုန်ပစ္စည်းတွေ ပြည့်နှက်နေအောင် တင်ပြီး အဲဒီကုန်ပစ္စည်းတွေ အပေါ်မှာ လူကြီး၊ လူငယ်၊ မိန်းကလေး၊ ယောက်ျားလေးတွေအပြင် ကလေးတွေပါမကျန်  ကိုယ်စီ နေရာယူလိုက်ကြတယ်။ 
ကားပေါ်မှာ လူအယောက် ၃၀ လောက် ကြပ်သိပ်နေအောင် ပူးကပ်ထိုင်နေကြတဲ့အပြင် မတ်တပ်ရပ် တွယ်စီးနေတဲ့ သူတွေလည်း တွေ့ရတယ်။
ဒီကားက လွိုင်ကော်မြို့ကနေ  ကယားပြည်နယ် တစ်ခုလုံး  လူမျိုးစု အားလုံးအတွက် အထိဋ်အထိပ် ဖြစ်တဲ့ ကေ့ထျိုးဘိုး ရိုးရာပွဲတော်လို့ ခေါ်ကြတဲ့ တံခွန်တိုင် ပွဲတော် ကျင်းပမယ့် ရှားတောမြို့ကို သွားမယ့် လိုင်းကား တစ်စီးပါ။
ကေ့ထျိုးဘိုး ပွဲတော် ကျင်းပတဲ့ ရက်တွေကတော့ တစ်နှစ်နဲ့ တစ်နှစ် ရက်သီးသန့် သတ်မှတ်ထားတာ မရှိပါဘူး။ မတ်လနဲ့ ဧပြီလအတွင်းမှာ “ကြက်ရိုးထိုး” ဗေဒင် မေးပြီး အဆင်ပြေတဲ့ ရက်ကို ပွဲတော် ဖြစ်မြောက်ရေး ကော်မတီက သတ်မှတ်ကြတာ ဖြစ်ပါတယ်။
တံခွန်တိုင်များ
တံခွန်တိုင်များ
ဒီနှစ်မှာတော့ ဧပြီလ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ ကျင်းပဖို့အတွက် ပွဲတော် ဖြစ်မြောက်ရေး ကော်မတီက ဆုံးဖြတ်ခဲ့ကြပါတယ်။
နယ်ပေါင်းစုံက ပွဲတော်ကို လာတဲ့ သူတွေ စတည်းချ တည်းခိုနေထိုင်ရေးအတွက် ပွဲတော် ကျင်းပတဲ့ မြို့နယ်မှာ ရှိတဲ့ အိမ်ရှင်တွေက လက်ခံပေးထားပြီး စားဖို့အတွက်ကိုတော့ ပွဲတော်အတွင်းမှာ စားနိုင်ဖို့ ပွဲတော် ဖြစ်မြောက်ရေး ကော်မတီက စီစဉ်ပေးထားပါတယ်။
နေ့ခင်းဘက်မှာ ကျေးရွာအလိုက် အားကစားပြိုင်ပွဲတွေ စုပေါင်းကစားကြပြီး ညဘက်မှာတော့ အကပြိုင်ပွဲတွေ၊ ရိုးရာအ၀တ်အစားနဲ့ အလှပြိုင်ပွဲတွေနဲ့ ပြဇာတ်တွေ ကပြဖျော်ဖြေကြပါတယ်။
ပွဲဈေး ဆိုင်တန်းတွေ ရှိပြီး ရိုးရာ အစားအစာ အရောင်းဆိုင်တွေ၊ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တွေနဲ့ ခေါင်ရည်ဆိုင်တွေ ရှိတယ်လို့လည်း ပွဲတော် တက်နေကျ လူငယ်တွေက ပြောပါတယ်။
ဒီနှစ် ကျင်းပတဲ့ ရှားတောမြို့ ဆိုတာကတော့ ကယားပြည်နယ်မှာ မြို့ ၈ မြို့ရှိတဲ့အနက် ပဉ္စမမြောက် လူဦးရေ အများဆုံး မြို့လို့ ဆိုနိုင်ပေမယ့် လမ်းပန်းဆက်သွယ်ရေးကတော့ အလွန်ခက်ခဲတယ်လို့ အကြောင်းသိ ဒေသခံတွေက ပြောပါတယ်။
ပြည်နယ်တစ်ခုလုံး ကိုယ်စားပြု ပွဲတော်ကြီး ဖြစ်တာကြောင့် အစည်ကားဆုံး ပွဲတော်ကြီး တစ်ခု ဖြစ်ပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် တံခွန်တိုင်ပွဲတော်ကို အရင်နှစ်တွေကလောက် အခြားမြို့တွေ၊ ကျေးရွာတွေက ပြည်သူတွေ မသွားနိုင်ကြဘဲ ဖြစ်နေပါတယ်။
“အဲဒီဘက်မှာက လိုင်းကားတွေ မရှိတော့ သွားဖို့ အရမ်းခက်တယ်။ ကျေးရွာ တိုင်းလိုလို သွားနိုင်မယ် မထင်ဘူး။ ကျမတို့ အခု ကျေးရွာ အုပ်စုတွင်းမှာတော့ ၈ ရွာပဲ သွားနိုင်တယ်။ ကိုယ့်ဘာသာကိုယ် ပိုတ်ဆံတွေ စုပြီး ကားတစ်စီး ငှားပြီး သွားကြတယ်” လို့ ဒီးမော့ဆိုမြို့ ဒေသခံ လူငယ် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ရှားတောမြို့ရဲ့ ကျေးရွာငယ်လေးတွေမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ လက်နက်ကိုင်အဖွဲ့ -KNPP တွေနဲ့ မြန်မာအစိုးရ တပ်ဖွဲ့တွေအကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်နေတုန်းပါပဲ။
ရှားတော့ရဲ့ အရှေ့ဘက်အခြမ်းဟာ ထိုင်း-မြန်မာနယ်စပ် ဖြစ်ပြီး နယ်စပ်တလျှောက်မှာလည်း KNPP တပ်ဖွဲ့တွေ စခန်းချတယ်လို့ ဒေသခံတွေက ပြောပါတယ်။  
မအေးချမ်းသေးတဲ့ နယ်မြေ ဖြစ်နေသေးတာကြောင့် ခရီးသွားလာတဲ့ သူတွေ နည်းပါးပြီး ကယားပြည်နယ်ရဲ့ အဓိက မြို့ကြီး ဖြစ်တဲ့ လွိုင်ကော်မြို့ကနေ မိုင် ၂၀ လောက်ပဲ ဝေးပေမယ့်  ခရီးသည်တင် လိုင်းကားက တစ်စီး၊ နှစ်စီးလောက်သာ ရှိပါတယ်။
ဒီလို အခက်အခဲတွေ ရှိနေပေမယ့် ရှားတောမှာ ပွဲတော် ကျင်းပဖို့ ရွေးချယ် ရတာကတော့ ဒီနှစ် ရှားတောမြို့မှာ တံခွန်တိုင်ပွဲ ကျင်းပဖို့ အလှည့်ကျတဲ့အတွက်ပဲ ဖြစ်ပါတယ်။
ဒီနှစ် တံခွန်တိုင်ပွဲတော်ဟာ ၅၃ ကြိမ်မြောက် ကျင်းပတာ ဖြစ်ပြီး ရှားတော့မြို့မှာတော့ ပထမဆုံး အကြိမ် ကျင်းပတာ ဖြစ်တယ်လို့ ရိုးရာယဉ်ကျေးမှုတွေကို လေ့လာနေတဲ့ ကယားလူမျိုး  ဦးဗျားရယ်က ပြောပါတယ်။ သူက ဒီပွဲတော်ဟာ ကယားတိုင်းရင်းသားတွေအတွက် အရေးကြီးတဲ့ ပွဲတော် ဖြစ်ကြောင်းလည်း ပြောပြပါတယ်။
ကရင်နီ အမျိုးသားများ ကေးထျိုးဘိုးကို လှည့်ပတ် ကနေစဉ်
ကရင်နီ အမျိုးသားများ ကေးထျိုးဘိုးကို လှည့်ပတ် ကနေစဉ်
“တံခွန်တိုင်ပွဲ ကျင်းပရတာကတော့ ကယားတိုင်းရင်းသား မျိုးနွယ်စုတွေ အားလုံး စည်းရုံးမှုနှင့် ချစ်ခင်ရင်းနှီးမှု ရရှိရန်အတွက်ရည်ရွယ်တာပါ။”
ကယားပြည်နယ်မှာ ကယား၊ ကယော၊ ကယန်း၊ ဂေခို၊ ဂေဘား၊ မနူးမနော၊ ယင်းတလဲ၊ ယင်းဘော၊ ဇယိမ်း စတဲ့ လူမျိုး ၉ မျိုး ရှိပြီး အများဆုံး ကိုးကွယ်တဲ့ ဘာသာတွေကတော့ ဗုဒ္ဒဘာသာ၊ ခရစ်ယာန်၊ ကက်သလစ်၊ နတ်နဲ့ ဗြမာရ်စို တို့ဖြစ်ပါတယ်။
ဘာသာမတူ လူမျိုးစု ကွဲကြပေမယ့် တံခွန်တိုင် ပွဲတော်အတွက် ရိုးရာတိုင် ရရှိဖို့ သစ်ပင်တစ်ပင် ရရှိအောင် ရှာဖွေရာမှာတော့ ကယားတိုင်းရင်းသားတွေ အားလုံး စည်းစည်းလုံးလုံးနဲ့ အပင်ပန်းခံပြီး တောထဲမှာ သွားရှာကြရပါတယ်။
များသောအားဖြင့် ကျွန်းပင်နဲ့ သပြေပင်ကို ရွေးချယ်ကြပြီး အဖြောင့်ဆုံးနှင့် အရှည်ဆုံး သစ်ပင်ကို ရရှိဖို့အတွက် အထူးရွေးချယ်ရှာကြရပါတယ်။
လိုချင်တဲ့ တိုင်တစ်တိုင် ရဖို့အတွက် သစ်ပင်ရှာဖွေရေး အဖွဲ့က ပွဲတော်မတိုင်မီ တောထဲမှာ ၁ လလောက် ကြိုပြီး သွားရှာထားကြရပါတယ်။  
လိုချင်တဲ့ သစ်ပင် မရဘူးဆိုရင်တော့ တောအတွင်း ၅ မိုင်ကနေ ၁၀ မိုင်အထိ ဝေးတဲ့ နေရာတွေအထိ သွားရောက်ရှာဖွေရတဲ့အထိ ဖြစ်နိုင်ပါတယ်။
သင့်တော်တဲ့တိုင် တွေ့ရှိတဲ့ အချိန်မှာ ရိုးရာဓလေ့ ဖြစ်တဲ့ ကြက်ရိုးထိုး ဗေဒင်မေးပြီး  ကောင်းတဲ့ အတိတ်နိမိတ် တွေ့မှ စတင်ခုတ်ကြရပါတယ်။ မကောင်းတဲ့ အတိတ်နိမိတ်တွေ့မယ်ဆိုရင်တော့ နောက်ထပ် သင့်တော်တဲ့ သစ်ပင်တစ်ပင်ကို သွားရောက် ရှာဖွေကြရပါတယ်။
သစ်ပင်ကို ခုတ်ပြီးပြီဆိုရင်လည်း ဘယ်လောက်ပဲ ဝေးဝေး ကေ့ထျိုးဘိုး ပွဲတော် ကျင်းပမယ့် နေရာကို လူအင်အားနဲ့ သယ်ကြရပါတယ်။ လုံးပတ်က လက်တစ်ဖတ်စာ ကျော်ပြီး အရှည်က ပေ ၃၀ ကျော်လောက် ရှိတဲ့ သစ်ပင်ကြီးကို ငြမ်းတွေ ဆင်ပြီး လူ ၃၀ လောက် ၀ိုင်းမသယ်ကြရပါတယ်။ သယ်လို့ အဆင်မပြေတဲ့ နေရာတွေဆိုရင်တော့ ကြိုးနဲ့ ဆွဲကြရပါတယ်။
တံခွန်တိုင် ထူတဲ့ နေ့ကို ပွဲတော်နေ့အဖြစ် သတ်မှတ်ပြီး တိုင်ထူပြီးတဲ့ အချိန်ဟာ အပျော်ရွှင်ရဆုံး အချိန်ပဲလို့ ပွဲတော်ကို လာရောက်တဲ့ ကယားအမျိုးသမီးငယ်လေးက ပြောပါတယ်။
“တိုင်တောင်လိုက်လို့ အောင်မြင်သွားတဲ့ အချိန်မှာ ရင်တွေ အရမ်းခုန်ရပြီး တီးလုံးသံတွေ မြိုင်မြိုင်ဆိုင်ဆိုင် ကြားလိုက်ရတော့ ဘယ်လိုမှန်း မသိအောင် ခံစားလိုက်ရတယ်။ ပြီးတော့ အရမ်းလည်း ပျော်ပါတယ်” လို့ ဗမာစကားကို အသံဝဲ၀ဲလေးနဲ့ ပြောသွားပါတယ်။
ဒီ ကေ့ထျိုးဘိုးလို့ ခေါ်တဲ့ တံခွန်တိုင်ကြီးကို ပွဲတော်ရက်မှာပဲ ထောင်ထားရတာ မဟုတ်ပါဘူး။ ကယားလူမျိုးတွေရဲ့ ဓလေ့ရိုးရာအတိုင်း မပျက်မစီးသရွေ့ ထောင်ထားရမယ်လို့ ဆိုပါတယ်။ ကေ့ထျိုးဘိုး တိုင်ကြီး ဖြောင့်မတ်နေသလို လူတွေရဲ့ အတွင်းစိတ်နေသဘောထားလည်း ဖြောင့်မတ်မှန်ကန်စေဖို့ သတိပေးတဲ့ အနေနဲ့ ထာဝရ ထောင်ထားတာ ဖြစ်တယ်လို့ ကယားတိုင်းရင်းသားတွေက ဆိုကြပါတယ်။

Tuesday, April 5, 2011

ထိန်းသိမ်းခံ ဗိုလ်ကြီးဟောင်း၏ အိမ် ရှာဖွေခံရ

ပြီးခဲ့တဲ့ စနေနေ့က ထိန်းသိမ်းခံခဲ့ရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ နေအိမ်ကို ဒီနေ့ ဧပြီ ၄ ရက် မနက်မှာ ထောက်လှမ်းရေး၊ ရဲနဲ့ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့တွေ ဝင်ရောက် ရှာဖွေခဲ့ပြီး ကိုယ်ပိုင်သုံး ကွန်ပျူတာ Laptop တလုံး သိမ်းဆည်းသွားတယ်လို့ သတင်းရရှိပါတယ်။
ကိုနေမျိုးဇင်ဟာ NLD လူငယ် သွေးကူညီရေးအဖွဲ့ကို ပံ့ပိုးနေသူတယောက် ဖြစ်ပါတယ်။ သူ့ကို ပြီးခဲ့တဲ့ စနေနေ့၊ ဧပြီလ ၂ ရက်နေ့ ညနေ ၄ နာရီလောက်မှာ နယ်မြေခံ SB သတင်းတပ်ဖွဲ့ဝင် တပ်ကြပ်တဦးက တယ်လီဖုန်းဆက်ပြီး ဆင့်ခေါ်လို့ သွားရောက်ခဲ့ရာမှာ ထိန်းသိမ်းထားလိုက်တာပါ။
ဒီနေမှာတော့ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၁၉ ရပ်ကွက်က သူရဲ့ နေအိမ်ကို ဝင်ပြီး ရှာဖွေကြတာပါ။
ဒီကိစ္စနဲ့ ပတ်သက်လို့ NLD သွေးကူညီရေးအဖွဲ့ တာဝန်ခံတဦးဖြစ်တဲ့ ကိုညီညီက RFA ကို အခုလို ပြောပါတယ်။
“ဒီနေ့ ၁၁ နာရီခွဲလောက်မှာ ရဲမှူးကြီး ဦးထိန်လင်း ဦးစီးတဲ့ မယကတွေ ပါမယ်၊ မယက ဥက္ကဋ္ဌပါမယ်၊ SB တပွင့်က နှစ်ယောက်လောက် ပါမယ်၊ အားလုံးပေါင်း ၈ ယောက်ပေါ့နော်၊ ဓာတ်ပုံဆရာတွေ၊ ကွန်ပျူတာ ဆရာတွေပေါ့ ဝင်စစ်ဆေးသွားပြီးတော့ သူ့ရဲ့ laptop ယူသွားတယ်ခင်ဗျ။ သူက ကွန်ပျူတာ အင်တာနက် ဆိုင်လေး ဖွင့်ထားတော့ အဲဒီမှာ သူအဓိက သုံးတဲ့ဟာလေးပေါ့နော်၊ အဲဒီ laptop လေးတော့ ယူသွားတယ်။ သူ့ကို ဝင်ရှာတဲ့အချိန်မှာ ကျွန်တော်တို့က သူ့အိမ်ကို သွားတယ်လေ။ သွားတော့ ကျွန်တော်တို့ကို သူတို့က အဝင်မခံဘူးဗျ။”
အခုချိန်ထိ ကိုနေမျိုးဇင်ကို ဘာကြောင့် ထိန်းသိမ်း စစ်ဆေးနေတယ်၊ ဘယ်နေရာမှာ ထိန်းသိမ်း ထားတယ် ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။ သူဟာ အင်တာနက်ကဖေးဆိုင် ဖွင့်ထားပြီး၊ တဖက်မှာလည်း NLD သွေးကူညီရေးအဖွဲ့တွေ သွားလာ ဆောင်ရွက်မှုတွေအတွက် ကိုယ်ပိုင်ကားနဲ့ တောက်လျှောက် လိုက်ပါ ကူညီနေသူ ဖြစ်တယ်လို့ NLD အဖွဲ့ဝင်တွေက ပြောပါတယ်။
သူ့ကို ထိန်းသိမ်းလိုက်တဲ့ စနေနေ့ ညဦးပိုင်း တယ်လီဖုန်း အဆက်အသွယ်ရတဲ့အချိန်မှာ ကိုနေမျိုးဇင်က ဆင်းရဲချို့တဲ့တဲ့ နာမကျန်းသူတွေအတွက် အမြဲ လိုအပ်နေတဲ့ သွေးကူညီရေးကို အဆက်မပြတ်အောင် ဆက်လုပ်ကြဖို့ နောက်ဆုံး တိုက်တွန်း ပြောဆိုခဲ့တယ်လို့ ကိုညီညီက ပြောပါတယ်။